တိုက်ကြီး စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက လိပ်ကြည်ကျေးရွာ၌ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် လက်မှုလုပ်ငန်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဆွေးနွေးသည်။
တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် လိပ်ကြည်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၃ ဦးကို ငွေကျပ်သိန်း ၁၄၀၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၆ ဦးကို ငွေကျပ်သိန်း ၃၁၀၊ စုစုပေါင်း ၈၉ ဦးအတွက် ငွေကျပ်သိန်း ၄၅၀ ကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးထားပြီး မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)