ကျောက်တံခါး စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း ပတ္တမြားခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစည်သူစန်းက (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် (HPV) ပိုးကြောင့် ဖြစ်ပွားကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် (Human Papilloma Virus) ဟုခေါ်သည့် (HPV) ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း ပြောကြားပြီး အခြေခံပညာကျောင်း(၇၄)ကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး (၁၀) နှစ်မကျော်သော ကျောင်းသူ(၉၇၅)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် အသက်(၅)နှစ်မှ (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူ (၁၈၀၄) ဦးအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံပေးဆောင်ရွက်ခဲ့ပါသည်။
အလားတူ ကာကွယ်ဆေးထိုးနှံခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)