တိုက်ကြီး စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံပညာကျောင်းများအတွင်းသို့ ရေဝင်နစ်မြုပ်မှု၊ လယ်မြေများ ရေဝင်ရောက်မှု၊ သဲဖြူကျေးရွာသံဘေလီတံတား လက်ရမ်းပြုတ်ထွက်မှုနှင့် တံတားကြမ်းခင်းပျက်စီးမှုအခြေအနေ၊ သနပ်ချောင်းပိတ်တမံရေပိုလွှဲမှ ရေများကျဆင်းမှုအခြေအနေတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် အ.မ.က(အင်ကုန်း)နှင့် အ.ထ.က(ခွဲ)ဥတိုတို့သို့ ရေဝင်ရောက်သဖြင့် စာသင်ကျောင်းများ ရေနစ်မြုပ်နေမှု၊ ဥတိုကျေးရွာအုပ်စု ဦးပိုင်အမှတ်(၇၆၃)(က)တွင် လယ်ဧက ၄၀ ခန့်နှင့် ဦးပိုင်အမှတ်(၇၇၅)တွင် လယ်ဧက ၂၅ ဧကခန့် ရေဝင်နစ်မြုပ်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို လိုအပ်ချက်များ မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့သည် ချင်းကုန်းကျေးရွာအုပ်စုခရိုင်ချင်းဆက်လမ်း မိုင်တိုင်အမှတ် ၃၅/၄နှင့် မိုင်တိုင်အမှတ် ၃၅/၅ ကြားရှိ သဲဖြူကျေးရွာချောင်းကူးသံဘေလီတံတားတွင် ရေဝင်ရောက်မှုကြောင့် တံတားလက်ရန်းပြုတ်ထွက်မှုနှင့် တံတားကြမ်းခင်းပျက်စီးမှုအခြေအနေနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သနပ်ချောင်းပိတ်တမံရေပိုလွှဲမှ ရေများကျဆင်းမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေး၊ တံတားများ ကြံ့ခိုင်မှုရှိစေရေး သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)