ပြင်ဦးလွင် စက်တင်ဘာ ၂၄
ကျေးလက်နေ ပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့်စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ပညာလင်းရောင်စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့နံနက် ၉ နာရီကအဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပညာလင်းရောင် စာကြည့်တိုက်အဆောက်အအုံအသစ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် ပြင်ဦးလွင်မြို့နယ် မြို့မိမြို့ဖအတွင်းရေးမှူး ဦးထွန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ပညာလင်းရောင် စာကြည့်တိုက် အဆောက်အအုံအသစ်အား အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပေးပြီး စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောငွေကျပ် (၁၀) သိန်းအား မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက စာကြည့်တိုက်အတွက် လှူဒါန်းပေးခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် မြို့မိမြို့ဖအတွင်းရေးမှူး ဦးထွန်းထွန်းတို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်မှူးတို့ကလက်ခံရယူခဲ့ကြပြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၁၅၀ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)