ဒဂုံအရှေ့ စက်တင်ဘာလ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ဆွေအေးကပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများ ကိုယ်လက်ကျန်းမာကြံ့ခိုင်စေရန်၊ ဉာဏစွမ်းရည်တိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ Aerobic & Fitness Dance သင်တန်းဖွင်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် သင်တန်းသား/သင်တန်းသူများက Aerobic & Fitness Danceဖြင့် သရုပ်ပြသခဲ့ကြပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်ဥမ္မာက သင်တန်းနည်းပြအား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်ခင်ဆွေအေး က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိခိုင်ဇင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို ဩဂုတ်လ (၂၄)ရက်နေ့မှ စက်တင်ဘာ (၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၁၀၀) ဦးတက် ရောက်ခဲ့ကြောင်း မြို့နယ်အားကစားမှူးထံမှသိရသည်။
အေးမဉ္ဇူ