သထုံ စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကြက်ဥနှင့်နွားနို့အာဟာရတိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာသထုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက (၂၀၂၅) ခုနှစ် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ် "ခွေးရူးရောဂါကင်းစင်ရေး မနှေးအမြန်လက်တွဲပေး" နှင့်အညီ ခွေးရူးရောဂါကင်းစင်အောင် ပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားသည်။
ယင်းနောက် သထုံခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူတို့အား မြစိမ်းရောင်(နို့စားနွား)မွေးမြူရေးနှင့် နို့ပေါင်းစက်ကော်မတီနှင့် မြန်မာစီပီကုမ္ပဏီတို့မှ ပူးပေါင်းလှူဒါန်းသည့်ကြက်ဥနှင့် နွားနို့အာဟာရများ လိုက်လံတိုက်ကျွေးခဲ့ကြသည်။
ဆက်လက်၍ သထုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မင်းမောင်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများစသည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကိုလည်းကောင်း ခရိုင်စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူအခွင့်အရေးနှင့် ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာတို့ကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ သထုံခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သထုံခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)