ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ လေ့ကျင့်ရေးစခန်း သတ်မှတ်နေရာ အသီးသီးတွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (အခြေခံပညာအဆင့်) ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မရမ်းမြိုင်ခန်းမတွင် အမျိုးသမီးဆိုင်းအဖွဲ့လိုက်နှင့် အမျိုးသားဒိုးပတ်အဖွဲ့လိုက် လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ လေ့ကျင့်ရေးစခန်းသတ်မှတ်နေရာ အသီးသီးတွင် ဆိုင်းအဖွဲ့လိုက်၊ စန္ဒရား၊ ပတ္တလား၊ တယော၊ ဒုံမင်း၊ ဂီတာ၊ ပလွေ၊ နှဲ၊ စောင်း၊ မယ်ဒလင်နှင့် ဆိုင်း တစ်ဦးချင်းစသည်တို့ကို လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် စားသောက်ဆောင်တွင် ပြိုင်ပွဲဝင်များအတွက် ချက်ပြုတ်ပြင်ဆင်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)