လားရှိုး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အာစရိယပူဇော်ပွဲကို ယမန်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-5 ကျောင်းသူ မသရဖီမိုးဦးက စန္ဒယားတီးခတ်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀ က မြတ်ဆရာသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ထို့နောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၀၀ တို့က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမ စုစုပေါင်း ၆၀ တို့အား လက်ဆယ်ဖျာထိပ်မှာမိုး၍ ပူဇော်ကန်တော့ပြီး ဂါရဝလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေကြိုင်၊ အထက်တန်းပြကိုယ်စား ဆရာမ ဒေါ်နန်းညွန့်၊ အလယ်တန်းပြကိုယ်စား ဆရာမဒေါ်ခင်မိုးမိုးနှင့် မူလတန်းပြကိုယ်စား ဆရာမ ဒေါ်အေးအေးမြင့်တို့က ကျောင်းသား၊ ကျောင်းသူများအား ဆုမွန်ကောင်းပေးစကားများ ပြောကြားခဲ့ပြီး ဆရာ့ဂုဏ်ရည်သီချင်းသီဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)