ဒေါပုံ စက်တင်ဘာ ၂၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဝါဆိုရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်ကရွှေယမုံခန်းမ၌ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် သမဝါယမအသင်းများမှ အသင်းကိုယ်စားလှယ်များနှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒေါပုံမြို့နယ် ဝါဆိုရောင်းဝယ်ရေးသမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒေါပုံမြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်နှင်းသိမ့်သိမ့်ဖြိုးက ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းစဥ်များ၊ မူဝါဒများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအပေါ် ရှင်းလင်းပြောကြားပြီး အသင်းစု၏ ရှေ့လုပ်ငန်းစဥ်များအပေါ် လိုက်နာဆောင်ရွက်ရေးတို့ကို တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဘုန်းနိုင်က အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက အသီးသီးဖတ်ကြားရှင်းလင်းခဲ့ကြပါသည်။ ထို့နောက် အသင်းသူ၊ အသင်းသားများ၏ သားသမီးများထဲမှ ပညာရည်ချွန်ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး အစည်းအဝေးအပြီးတွင် အသင်းဝင်များအား ကုန်ဝယ်ပေါ် ပြန်အမ်းငွေနှင့် အထည့်ဝင်ငွေပေါ်အမြတ်ငွေများကို ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)