တာချီလိတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၉၆ ကျောင်းအတွက် တာချီလိတ်တပ်နယ်၊ မြို့မိမြို့ဖများ၊ ရွှေတိဂုံဂေါပက ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည့်သူ့စစ်အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆန်ဆိုင်း (က) ရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ကျင်းပသည်။
အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (သာသနတက္က သီလဓမ္မာစရိယ B.A Buddhism, M.A သီရိလင်္ကာ)ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်သော ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ထို့နောက် တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ အရာရှိအရာခံ မိသားစုဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည့်သူ့စစ်အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖအလှူရှင်များက တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၉၆ ကျောင်းရှိ သံဃာတော် ၅၅၁ ပါး၊ သာမဏေ ၁၅၄၅ ပါးနှင့် သီလရှင် ၅၀ ပါးတို့အား ဆန်အိတ်ကြီး ၇၈၅ အိတ်၊ ဆီ ၃၆ ဖာ ၊ ဆီပုံး ၄ ပုံး၊ ကြက်ဥ၊ ကြက်သွန်နီ အိတ်ကြီး ၆ အိတ်၊ ကော်ဖီထုပ်၊ နို့ဆီစသည့်လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုဓမ္မထံမှ ရေစက်ချအနုမောဒနာတရားနာယူ ကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)