ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဆိပ်ကြီးခနောင်တို မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ဟောပြောပွဲကို စတင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်ထွန်းက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” အကြောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းအောင်က “လူငယ်နှင့် မီဒီယာ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက “လူငယ်နှင့် စာပေ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဦးဇင်လင်းအောင်က “လူငယ်နှင့်အားကစား” အကြောင်းကိုလည်းကောင်း စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများစွာရရှိစေရန် အသီသီးဟောပြောကြသည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးမှူးက အ.ထ.က (ခနောင်တို) ကျောင်းအုပ်ဆရာမကြီးထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)