တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး (တတိယအကြိမ်) ဆက်လက်တိုက်ကျွေး

တောင်ဥက္ကလာပ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး (တတိယ) အကြိမ် တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ် (၂၉) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်းများ၌ ဆက်လက်တိုက်ကျွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်စန်းစန်းညိုနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ (၇)နှစ်အတွင်း ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကာကွယ်ဆေးမသောက်ခင် အစားအစာကို ၂ နာရီ ကြိုတင်စားသောက်ထားရှိရန်၊ ကာကွယ်ဆေးသောက်ပြီးချိန် မိနစ် (၃၀) ခန့်စောင့်ဆိုင်းစေခြင်း၊ ၁ နာရီ ကျော်လွန်မှ အစားအသောက်စားစေခြင်းနှင့် ကာကွယ်ဆေးထိုးပြီး ၂ ရက်အတွင်းအချဥ်၊ အစပ်၊ အဆီ၊ အစိမ့်နှင့်အေးခဲထားသော အစားအသောက်များ၊ အသားစိမ်းများအား မစားမိစေရန် ကလေးမိဘများနှင့်တာဝန်ရှိ ဆရာ၊ ဆရာမများကို မှာကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းဖြင့် ကလေးငယ်များ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကာကွယ်နိုင်မည်ဖြစ်ပြီး သန့် (၄) သန့်ဖြင့် ညီညွှတ်စွာ ဆက်လက်နေထိုင်ရန်လည်းလိုအပ်ကြောင်း သိရသည်။

ထို့သို့ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို (၂၀.၈.၂၀၂၅) မှ (၁၇.၉.၂၀၂၅) ရက်နေ့အတွင်း ကလေးငယ်များအား (၃) ကြိမ်တိုက်ကျွေး​​ခြင်းဖြစ်ပြီး ကျန်ရှိနေသော စာသင်ကျောင်းများအား ဆက်လက်တိုက်ကျွေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ပြန်/ဆက်)