တာမွေမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

တာမွေ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် တက်ရောက်လာကြသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကျင်းပြုလုပ်သည့် အင်္ဂလိပ်စာစကားလုံးဆက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ထူးချွန်ဆုရရှိကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ခန်းမအတွင်း ပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများအား မြန်မာနိုင်ငံစာရေးဆရာအသင်းဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)က “ စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ ” ခေါင်းစဉ်ဖြင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းကိုကျင်းပရာ တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်နှင့် တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိဆွေတို့က ဦးဆောင်ဆွေးနွးသူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများက လူငယ်နှင့်စာပေ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ‌ခေါင်းစဉ်အလိုက်ဆွေးနွေးခဲ့ကြသူများနှင့် ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး အသိပညာပေး ဟောပြောခဲ့သည့် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)နှင့် ခေါင်းစဉ်အလိုက်ဆွေးနွေးခဲ့ကြသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမော်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် ‌ခေါင်းစဉ်အလိုက်ဆွေးနွေးခဲ့ကြသော ကျောင်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)