နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ

နမ့်စန်() စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဆရာ/ဆရာမများအား “ဗုဒ္ဓပူဇနိယ”သီချင်းဖြင့် ပူဇော်ကန်တော့ခဲ့ပြီး “မြတ်ဆရာ”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ဆရာ/ဆရာမများကို ကန်တော့လက်ဆောင်များ ပေးအပ်ကန်တော့ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက ဩဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်အလိုက် ဆရာ/ဆရာများက ဩဝါဒဆုတောင်းစကားများ အသီးသီးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သီချင်း၊ အကနှင့် တစ်ခန်းရပ်ပြဇာတ်များဖြင့် ဖျော်ဖြေကပြခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)