ပူတာအို စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့ နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ကျောင်းသားလူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရန်နှင့်မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် နိုင်ငံ့အတွက် အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ကျင်းပခဲ့သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ(၂၃)ရက် ညနေ(၃)နာရီ ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသမီးအသက်(၁၉)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အ.ထ.က(ပူတာအို)ဘောလုံးအသင်းနှင့် အ.ထ.က(လေယာဥ်ကွင်း)ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ အ.ထ.က(ပူတာအို)ဘောလုံးအသင်းက ပယ်နတီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ အ.ထ.က(ပူတာအို)ကျောင်း ပန်းပွားအကအဖွဲ့က အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားပေါင်း(၁၁)မျိုးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှိမ့်သိမ့်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲတွင် မီတာ ၁၀၀(ကျား/မ)ပြိုင်ပွဲ၊ မီတာ ၂၀၀ (ကျား/မ)ပြိုင်ပွဲ၊ မီတာ ၄၀၀ (ကျား/မ)ပြိုင်ပွဲ၊ မီတာ ၈၀၀(ကျား/မ)ပြိုင်ပွဲ၊ အမြင့်ခုန်(ကျား/မ)ပြိုင်ပွဲ၊ အလျားခုန်(ကျား/မ)ပြိုင်ပွဲ၊ သံလုံးပစ်(ကျား/မ)ပြိုင်ပွဲ၊လှံတံ(ကျား/မ)ပြိုင်ပွဲ၊ ပိုက်ကျော် ခြင်း(ကျား/မ)ပြိုင်ပွဲ၊ ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊ ဘောလုံး(မ)ပြိုင်ပွဲများကို စက်တင်ဘာ(၉)ရက်မှ (၂၃)ရက်နေ့အထိ ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)