မိုးညှင်းမြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ဆောင်ရွက်

မိုးညှင်း စက်တင်ဘာ  ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာ မူလတန်းလွန်(အရှေ့စု)ကျောင်း၌ ဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားတွင် အခြေခံပညာမူလတန်းလွန်(အရှေ့စု)ကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာမော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူငယ်လူရွယ်များ အတတ်ပညာအသိပညာ ဗဟုသုတများတိုးပွားလာစေရန်၊ ကာယဉာဏစာရိတ္တ မိတ္တဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်ဝစေရန်၊ ကျောင်းသားကျောင်းသူများအချင်းချင်း ရင်းနှီးချစ်ခင်စွာဖြင့် အမြင်ချင်းဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲမှုရှိတတ်စေရန်နှင့် မေးမြန်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ဟောပြောသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေက စတင်မိတ်ဆက် ဆွေးနွေးပြီးနောက် အဆိုပါမူလွန်ကျောင်း Grade-8 မှ မသွယ်သွယ်မိုးမြင့်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-7 မှ မောင်အေးချမ်းအောင်က လူငယ်နှင့်အင်တာနက်၊ Grade-7 မှ မောင်ညီမင်းပိုင်က လူငယ်နှင့်ကျန်းမာရေးနှင့် Grade-7 မှ မဖြိုးဖြိုးအောင်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ ကျောင်းသား  ကျောင်းသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများစုစုပေါင်း (၁၇၉) ဦး တက်ရောက်ကြပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း