အောင်မြေသာစံ စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်မှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဆူးဖြူကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်တာဝန်ရှိသူများ၊ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆူးဖြူကျောင်းဆရာတော်အား ဖူးမျှော်ကန်တော့ကာ လူဖွယ်ဝတ္ထုများ ကပ်လှူပြီး ဗန်းမော်မြို့၊ မင်းလှကျောင်းတိုက်၊ ဦးအာလောက အမှူးပြုသော ဆရာတော်များအား ဝတ္ထုငွေများ ကပ်လှူသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ငွေကျပ် သိန်းငါးရာ ထောက်ပံ့ပေးအပ်သည်။ ၎င်းနောက် Seven force ကုမ္ပဏီမှ ဦးကျော်စွာမိုးက ထောက်ပံ့ငွေကျပ်သိန်းတစ်ရာကို ပေးအပ်ရာ ဦးသန်းလှိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ခေါက်ဆွဲခြောက်ထုတ်များ တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)