တာချီလိတ် စက်တင်ဘာ ၂၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ ပြည်နယ်အဆင့်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုန်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းလှိုင်က ကျောင်းသားအားကစားပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပေးခုန်ပစ်နှင့် တစ်ဦးချင်းပြိုင်တို့ ပါဝင်ယှဉ်ပြိုင်းခဲ့ကြပြီး တာချီလိတ်မြို့ရှိ ကျောင်းသား၊ ကျောင်းသူများက ပထမဆု ၈၃ ဆု၊ ဒုတိယဆု ၂၇ ဆု၊ တတိယဆု ၃ ဆု၊ စုစုပေါင်း ၁၁၃ ဆုတို့ကို ထူးချွန်စွာဆွတ်ခူးရရှိခဲ့သဖြင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)