နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ “ပညာတတ်များပေါများရေးကို အလေးအနက်ထားလျက် ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာအတတ်ပညာများ ပြည့်စုံသော ပညာတတ်များပေါများရေး၊ သင်ကြားသင်ယူမှုအဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုအားပေးရေး”ကို မူဝါဒနှင့်အညီ “ကျောင်းနေရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်ကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကြီးကြပ်ရေးအဖွဲ့ ကော်မတီအနေဖြင့် ပညာရေးပုဂ္ဂလိကဏ္ဍကို မြှင့်တင်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တက်မြောက်သော ပညာတတ်များမွေးထုတ်၍ နိုင်ငံတော်၏ လူမှုစီးပွားမြင့်မားတိုးတက်လာစေရန်၊ ကိုယ်ပိုင်ကျောင်းများ စနစ်တကျဖွံ့ဖြိုးပြီး နိုင်ငံတကာအဆင့်မီပညာရေးကို အကောင်အထည်ဖော်ရန်၊ ပညာရေးဆိုင်ရာမူဝါဒနှင့်အညီ သုတေသနလုပ်ငန်းများဖွံ့ဖြိုးစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးသည့် စဉ်းစားမှုကိုအခြေခံသော အသိပညာ၊ အတတ်ပညာများ သင်ကြားတက်မြောက်စေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊ အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများနှင့်နိုင်ငံတကာ သင်ရိုးညွှန်းတမ်းသင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ သက်တမ်းတိုးမြှင့်ခြင်းနှင့် ဖွင့်လှစ်ခွင့်ပြုခြင်း၊ တည်ထောင်သူပြောင်း လျှောက်ထားလာသော အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများနှင့် ကြီးကြပ်အုပ်ချုပ်သူပြောင်းလျှောက်ထားလာသော အမျိုးသားသင်ရိုး ညွှန်းတမ်းသင်ပုဂ္ဂလိကကျောင်းများ၏ ပြောင်းလဲခွင့်လျှောက်ထားလာမှုများကို ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်စေရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုရေးအတွက် ဦးတည်သင်ကြားလေ့ကျင့်ပေးရန်၊ ပုဂ္ဂလိကပညာရေး၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရန် ဝိုင်းဝန်းကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းသင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့တို့က ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများရဲ့ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ သတ်မှတ်ချက်များ၊ အရည်အသွေးအကဲဖြတ်မှုနှင့် အရည်အသွေးအာမခံမှုများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)