မော်လမြိုင် စက်တင်ဘာ ၂၃
မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုဘဝသာယာဝပြောရေးအတွက် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများချမှတ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုရေးလိုအပ်ချက်အပေါ်မူတည်၍ မူလတန်းကြိုကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ လူငယ်နှင့်အမျိုးသမီးသင်တန်းကျောင်းများကိုဖွင့်လှစ်၍ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနဲ့ သက်ကြီးရွယ်အိုများအစရှိတဲ့ ထိခိုက်လွယ်အုပ်စုများကို အဓိကထားပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ဂေဟာ/ ရိပ်သာများတွင် စောင့်ရှောက်ထားသူများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့ ထောက်ပံ့ကြေးများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းက တာဝန်ယူဆောင်ရွက်ပေးပါသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်းနှင့် ရပ်ရွာ လူထုအကျိုးကိုဆောင်ရွက်ပေး၍ ကုသိုလ်ဖြစ် မွန်မြတ်လှသည့် လုပ်ငန်းဖြစ်သလို မိမိတို့လက်ခံပြုစုစောင့်ရှောက်ထားသူများ၏ ရေရှည်အကျိုးစီးပွားကိုဦးတည်ပြီး စေတနာ၊ မေတ္တာအရင်းခံပြီး ဆောင်ရွက်ပေးကြစေလို့ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၃)ခု၊ အမျိုးသမီးဂေဟာ (၁)ခုတို့အတွက် ငွေကျပ် (၆၆ဒသမ၂၈)သန်း၊ ဘိုးဘွားရိပ်သာ (၄)ခု တို့အတွက် ငွေကျပ် (၁၃ဒသမ၂၆၀)သန်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (၈၆)ကျောင်းအတွက် ငွေကျပ် (၉၁ဒသမ၁၆၀)သန်းနှင့် လူငယ်ရိပ်သာ(၁)ခုအတွက် ငွေကျပ် (၁)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။
ယင်းနောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား တောင်ဝိုင်းဘိုးဘွားရိပ်သာမှ အတွင်းရေးမှူး ဦးစိုးသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ လာရောက်ဆွေးနွေးလျက်ရှိသည့် လုပ်ငန်းများအနက် ရေးမြို့နယ်မှာလုပ်ကိုင်မည့် ကွမ်းသီးပေါင်းစက်ရုံလုပ်ငန်း၊ ကျောက်တန်းစက်မှုနယ်မြေမှာလုပ်ကိုင်မည့် အအေးခန်းစက်ရုံလုပ်ငန်းများသည် အလားအလာရှိသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ဒီကနေ့မှာဆွေးနွေးမည့် Khin Khin Oo & Star One Family Co., Ltd. သည် ဘိန်းဗျောကျေးရွာအုပ်စု၊ ကျိုက်မရောမြို့နယ်တွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် မျိုးရင်း ဝက်မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန်၊ Min Oo Motor Co.,ltd က ပြည်ပမှစက်ပစ္စည်းများတင်သွင်းရန်နှင့် လုပ်ငန်းတည်ဆောက်မှု၊ ပြင်ဆင်မှု ကာလတိုးမြှင့်ပေးပါရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ တင်ပြလာတဲ့အပေါ်မှာ ပြည်နယ်ရဲ့ဖွံ့ဖြိုးမှု၊ နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို ရှေးရှုပြီး ကြုံတွေ့ရသည် အခက်ခဲများကို မိမိတို့ဘက်မှ တတ်စွမ်းသမျှ ဖြည့်ဆည်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာနိုင်စေရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးကြရန်၊ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိအောင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအနေဖြင့်မိမိတို့ တာဝန်ယူဆောင်ရွက်ရတဲ့ကဏ္ဍများအလိုက် အကောင်းဆုံးဖြစ်အောင် ပါဝင်ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)