ဘီးလင်း စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းဝေမျိုးနိုင်က ခွေးရူးရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး အ.ထ.က(ကန်သာယာ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက ခွေးရူးရောဂါအကြောင်း ထပ်ဆင့်ပြောကြားခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများက ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရနွားနို့တိုက်ကျွေးခြင်းကို ကျင်းပပြုလုပ်ရာ K.G တန်းမှ Grade (2) အထိ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦးတို့အား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက အာဟာရနွားနို့များကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)