ဒဂုံတောင် စက်တင်ဘာ ၁၉
၂၀၂၅ခုနှစ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၁)နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို (၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီနှင့် ညနေ ၄ နာရီတို့တွင် ပွဲစဉ် (၃၂)အဖြစ် (၂၁) ရပ်ကွက်အသင်းနှင့် (၁၀၇)ရပ်ကွက်အသင်း၊ ပွဲစဉ် (၃၃)အဖြစ် (၂၅) ရပ်ကွက်အသင်းနှင့် (၇၂)ရပ်ကွက်အသင်းတို့ ရှုံးထွက်ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ထိုသို့ ယှဉ်ပြိုင်ကစားကြရာ ရှုံးထွက်အဆင့် ပွဲစဉ်(၃၂)တွင် (၂၁)ရပ်ကွက်အသင်းနှင့် (၁၀၇)ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၁၀၇)ရပ်ကွက်အသင်းက (၂၁)ရပ်ကွက်အသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိပြီး ညနေ ၄နာရီပွဲစဉ်(၃၃)တွင် (၂၅)ရပ်ကွက်အသင်းနှင့် (၇၂)ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅)ရပ်ကွက်အသင်းက (၇၂)ရပ်ကွက်အသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီမံလမ်းညွှန်ကြီးကြပ်အားပေးမှုဖြင့် လုံခြုံရေးဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရပ်ကွက်အလိုက် ပရိသတ် (၂၅၀၀) ဦးခန့် လာရောက်အားပေးကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးအောင် (ဒဂုံတောင်)