ညောင်ဦး စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ အေဒီ (၁၁) ရာစု၊ မနုဟာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မနုဟာဘုရားကြီး၏ အာရုံခံတိုက်မပေါ်ရှိ စေတီတော် (၃၇) ဆူအား ရွှေသင်္ကန်းတော်များ ပြန်လည်ကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘုရားကြီးဂေါပကအဖွဲ့ရုံးတွင် စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက မနုဟာဘုရားကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေး အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ရွှေသင်္ကန်းကပ်လှူနိုင်ရေး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် မြင်းကပါရပ်ရှိ မနူဟာဘုရားကြီး၏ ပင်မစေတီတော် (၁)ဆူ၊ ဝဲ/ယာ စေတီတော် (၂) ဆူ၊ အရံစေတီ (၃၄)ဆူ၊ စုစုပေါင်း (၃၇) ဆူတို့အား ထီးတော်များအပါဝင် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ပင်မစေတီတော် (၁) ဆူ၊ ဝဲ/ယာစေတီတော် (၂) ဆူတို့အား ကြေးပြားသင်္ကန်းကပ်လှူရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၏ ကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မနူဟာဘုရားကြီး၏ ရွှေမိုက်လေလံ/တင်ဒါနှင့် ရွှေသင်္ကန်းကပ်တင်ဒါလုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီဖြင့်တွေ့ဆုံ၍ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ဘုရားကြီး၏ ပင်မစေတီ (၃) ဆူအား ကြေးပြားကပ်လှူခြင်းနှင့် ရွှေဆိုင်းဝယ်ယူရေးလုပ်ငန်းများ တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်နိုင်ရေးတို့အား လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မနုဟာမင်းကြီး၏ ကောင်းမှုတော်ဖြစ်သော အေဒီ (၁၁) ရာစုနှစ်က တည်ထားကိုးကွယ်ခဲ့သည့် မနုဟာဘုရားကြီး၏ အာရုံခံတိုက်မပေါ်ရှိ စေတီတော် (၃၇) ဆူအား ရွှေသင်္ကန်းတော်များ ပြန်လည်ကပ်လှူမည်ဖြစ်ရာ မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် (၃) သိန်းကျပ်ဖြင့် စေတနာရှင်ပြည်သူများ ပါဝင်လှူဒါန်းနိုင်ကြောင်း မနုဟာဘုရားကြီး ဂေါပကအဖွဲ့ ဖုန်း ၀၉၄၀၂၇၈၆၉၁၃ သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပါလင်း