စစ်တွေ စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျင်းပသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ရက်ကန်းနှင့် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်အကိုင်ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသအတွင်း တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်သောလုပ်ငန်းများလည်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် ပေါင်မုန့်၊ ကိတ်မုန့်ထုတ်လုပ်မှုနည်းပညာသင်တန်းကို စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရွာကြီးတောင်ရပ်ကွက်၊ လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုူ နည်းပညာသင်တန်းကို ရွာသာယာကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းသင်တန်း (၁) ခုလျှင် ထူးချွန်ပြီး လုပ်ငန်းထူထောင်လိုသူ သင်တန်းသား (၅) ဦးကို ရွေးချယ်၍ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်စေရန် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပေးသော ဘာသာရပ်များကို အသုံးချပြီး ဒေသအတွင်း ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စီမံကိန်းသင်တန်းများအတွက် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုကြပြီး သင်တန်း သား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(စစ်တွေ)သို့သွားရောက်ပြီး သင်တန်းသူများအား ဆရာ၊ ဆရာမများက လက်တွေ့သင်ကြားပြသနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး စားရိပ်သာ အတွင်း လှည့်လည် ကြည့်ရှုကာလိုအပ်သည်များအားတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ် အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ သာမန်နှင့်ငွေလုံးငွေရင်းစာရင်းများအား ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ စိစစ်ပြီးဖြစ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းများအား ပြည်နယ်အစိုးရအဖွဲ့၏ စိစစ်အတည်ပြုချက်ဖြင့် အချိန်မီပေးပို့နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကြိုတင်စိစစ်ညှိနှိုင်းသည့်အစည်းအဝေးဖြစ်ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရငွေများကို လျာထားသည့်အတိုင်း အပြည့်အဝကောက်ခံရရှိရေးနှင့် လျာထားသည့် အသုံးစရိတ်များအား ထိရောက်အကျိုးရှိစွာသုံးစွဲနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ရခိုင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်း ခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သာမန်အသုံးစရိတ်နှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ငွေလုံးငွေရင်းအသုံးစရိတ်များ တွက်ချက်တင်ပြထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအောက်ရှိဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများရေးဆွဲတင်ပြခြင်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများက မိမိတို့ဌာနအလိုက် ဘဏ္ဍာငွေအရအသုံးခန့်မှန်း ခြေငွေစာရင်းများ ရေးဆွဲထားခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)