ပူတာအို စက်တင်ဘာ ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၂၂)ရက် နံနက်ပိုင်းက ပူတာအိုမြို့နယ် မန်စေခွန် ကျေးရွာအုပ်စုအတွင်း ယခုလဆန်းပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများမြင့်တက်လာပြီး ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာ အဆိုပါနမ့်ပလန့်ချောင်းနှင့်ပါတိတ်ချောင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးလယ်မြေများ၊ စိမ့်စမ်းရေသွယ်ပိုက်လိုင်းများနှင့် နမ့်ပလန့်ချောင်းကူးသံကူကွန်ကရစ်တံတား ကမ်းကပ်ခုံပျက်စီးခဲ့မှုအားသွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က စက်တင်ဘာ(၁၅)(၁၆)ရက်များတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပူတာအိုမြို့နယ် မန်စေခွန်ကျေးရွာအုပ်စုအတွင်း နမ့်ပလန့်ချောင်းရေကြီးရေလျှံမှုကြောင့် မန်စေခွန်မြောက်ကွင်းနှင့် မန်စေခွန်တောင်ကွင်းအတွင်းရှိ မိုးစပါးလယ်(၁၇၀)ဧကခန့် သဲကျောက်နှုန်းများဝင်ရောက်ပျက် စီးမှုအခြေအနေများ၊ ဆန်ဒမ်းကွင်းနှင့် နမ့်ဟူးနမ့်ကွင်းအတွင်း မိုးစပါးလယ် (၁၀၀)ဧကခန့် သဲကျောက်နှုန်းများ ဝင်ရောက်၍ ပျက်စီးမှုအခြေအနေများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးထားသည့် မန်စေခွန်ကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်း၊ နမ်ဖန်(၁)ကျေးရွာစိမ့်စမ်းရေသွယ်လုပ်ငန်း၊ ဆန်ဒမ်းကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်းတို့မှ နမ့်ပလန့်ချောင်းပေါ်ဖြတ်သန်းသွယ်ယူထားသည့် ရေပိုက်များ ပျက်စီးမှုအခြေအနေများ၊ ပူတာအိုမြို့နယ် မန်စေခွန်ကျေးရွာအုပ်စု ဆန်ဒမ်းကျေးရွာအနီး လွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလန့်ချောင်းကူးသံကူကွန်ကရစ်တံတား ကမ်းကပ်ခုံ ထိခိုက်ပျက်စီးခြင်းများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက သီးနှံလျော်ကြေးရရှိရေး၊ ပျက်စီးသွားသော လယ်ယာမြေများ အစားထိုးဖော်ထုတ်ပေးနိုင်ရေး၊ စိမ့်စမ်းရေပိုက်လိုင်းများ ပြုပြင်ရရှိရေး၊ ထိခိုက်ပျက်စီးသွေားသော ကမ်းကပ်ခုံပြန်လည်ပြုပြင်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)