ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်၌ (၅)ရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ)အခမ်းအနား ကျင်းပ

တောင်ကြီး စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရွှေဘုန်းပွင့်စေတီတော်၌ (၅)ရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ)အခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်တွင် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်ရှိ ဓမ္မာရုံကြီး၌ ကျင်းပခဲ့သည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်တွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ပင့်သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်တို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်မှ အရှင်တိလောက က ရောင်ခြည်ဖွင့်ဂါထာဖြင့် ဘုရားပင့်၍ နိုင်ငံတော်ဩဝါဒါစရိ၊ တောင်ကြီးမြို့၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြည်ညိုကာ တောင်ကြီးမြို့၊ အောင်ဗောဓိမြရတနာကျောင်းတိုက်မှ အရှင်ဓမ္မိသာရက ပဋ္ဌာန်းတရားနာကြားရန် နတ်၊ ဗြဟ္မာများကိုပင့်ဖိတ်ကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်မှ အရှင်ပညာဒီပက ပဋ္ဌာန်းအမွှန်းဖတ်ကြားပူဇော်၍ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်(အကျဉ်း)ကို ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဋ္ဌာနဘာဏကသံဃာတော်များက ပဋ္ဌာန်းကျမ်းမြတ်ဒေသနာတော်ကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြကြောင်း သိရှိရသည်။

အဆိုပါပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)