တောင်ဥက္ကလာ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများနှင့် အောင်ချက်အကောင်းဆုံး စာသင်ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သီရိမြန်မာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြင်သာမြို့ ဦးဘုန်းတော်ကြီးသင်စာသင်ကျောင်း ကျောင်းသား/သူလေးများက ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြို့နယ်အဆင့်အောင်ချက်အကောင်းဆုံး အခြေခံပညာကျောင်း (၃) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၃) ကျောင်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူလေးများ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန် (ပြန်/ဆက်)