ချမ်းမြသာစည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် သတ်မှတ်ရက်များအတွင်း မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်၊ မှတ်ပုံတင်၊ အိမ်ထောင်ဇယားများ ပြည့်စုံစေရေး စနစ်တကျ ဆောင်ရွက်ထားရှိကြရန်၊ မဲပေးစက်ဆိုင်ရာ အသိပညာပေး လုပ်ငန်းစဉ်များအား ပြည်သူများကျယ်ပြန့်စွာ သိရှိနိုင်ရေး ထပ်မံတိုးမြှင့်ဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်နှင့်ရပ်ကွက်များမှရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးထွန်းဇံဖြူ၊ အဖွဲ့ဝင် (၂) ဦးတင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုသန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)