သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

သထုံ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဝန်ထမ်းမျာက ကျောင်းသူ‌၊ ကျောင်းသားများ ယဉ်ကျေးလိမ္မာရေး၊ အချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးသည်။

ယင်းနောက် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ပြုလုပ်ပေးရာ မူလွန်(ဝါးတော)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ၊ ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များနှင့်စာဖတ်ရှိန်မြှင့်တင်ရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေး စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)