သထုံ စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်းပြုလုပ်သည့် လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ထောင်မှူးကျေးရွာ၊ သုဓမ္မဝတီမြို့သစ်ရှိ ရန်ကုန်-ဘားအံကားလမ်းနံဘေး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးတို့က ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာမိခင်နှင့်ကလေးအသင်းအဖွဲ့များနှင့် ပြည်သူများထံစိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တက်ရောက်လာသူတို့က ပျိုးပင်များကို သတ်မှတ်ထားသည့် စိုက်ပျိုးမြေနေရာအသီးသီးတို့၌ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တက်ရောက်လာသူတို့၏ ပျိုးပင်များစိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါနေ့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်နှင့် မဟော်ဂနီ စသည့် ပျိုးပင်စုစုပေါင်း ၁၀၅၀ အား လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ အမျိုးသမီးရေးရာမိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များက စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)