မုဒုံမြို့ပေါ်ရှိ ဆန်ဂိုထောင်များနှင့် ဆန်စျေးဆိုင်ကြီးများအား စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

 မုဒုံ စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ ဆန်ဂိုထောင်များနှင့် ဆန်စျေးဆိုင်ကြီးများတွင်စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ တာဝန်ရှိသူများတို့က မြို့အတွင်းရှိ ဆန်ဂိုထောင်များနှင့် ဆန်ဆိုင်များသို့သွားရောက်၍ ဆန်စျေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် သိုလှော်ခြင်း၊ သတ်မှတ်စျေးနှုန်းများထက် ကျော်လွန်ဖြန့်ဖြူးရောင်းချခြင်းများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ 

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူများ၏ နေ့စဥ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)