မော်လမြိုင် စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးနှင့် ပစ္စည်းလေးပါးအဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် မော်လမြိုင်မြို့ လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအခါ(၁၉၁)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ၏ (၁၉၁)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲကို တော်သတင်းလဆုတ် ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ နှစ်ရက်တိုင်တိုင် နှစ်စဉ်ကျင်းပပြုလုပ်မည်ဖြစ်ရာ စက်တင်ဘာ ၁၉ရက်နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်ပြည်သူများက လောင်းလှူခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲကို မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက် လောကမာရဇိန်(ငွေဘုံသာ) ဘုရားတည်နေရာမှစတင်၍ မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း(၄၁၃)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သာမဏေအပါး(၈၃၁၄)ကျော်၊ သီလရှင်အပါး(၁၅၁၅)ကျော် စုစုပေါင်းသံဃာတော်၊ သီလရှင်အပါး(၁၀၀၀၀)ခန့်တို့ကို ဆွမ်းဆန်တော်များ လှူဒါန်းလောင်းလှူပူဇော်ခဲ့ကြသည်။ မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များသည် ဇေယျာသီရိရပ်ကွက်ရှိ လောကမာရဇိန် ငွေဘုံသာဆုတောင်းပြည့်စေတီမှ ဇေယျာ(၂)လမ်းအတိုင်း မြောက်ဘက်မှ အနောက်ဘက် မင်းလမ်းမတစ်လျှောက်၊ အတ္ထရံဟိုတယ်ကွေ့မှ အောက်လမ်းမကြီးအတိုင်း စစ်ကဲကုန်းရပ်ကွက်၊ သာယာကုန်းဝတ်တော်ကြီးအထိ ထိုမှတစ်ဆင့် ဗဟိုလမ်း၊ မောရဝတီပန်းခြံရှေ့အထိလည်းကောင်း (ပထမ)နေ့ ဆွမ်းဆန်တော် အလှူခံကြွရောက်ချီးမြှင့်ခဲ့ကြရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက သဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်းဆန်တော်များကို လှူဒါန်းလောင်းလှူပူဇော်ခဲ့ကြပြီး ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်ရက်တိုင်ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)