မဟာအောင်မြေမြို့နယ် အားမာန်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

‎‎မဟာအောင်မြေ စက်တင်ဘာ ၂၃

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အားမာန်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ဖတ်ရှိန်မြှင့်တင်ရေးနှင့်အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

‎‎ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊အားမာန်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခိုင်က အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်များအနေဖြင့် စာအုပ်စာစောင်များကို အမြဲလေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေကိုအမြဲလေ့လာဖတ်ရှုနေမှသာ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊‌ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း ရှာဖွေ၍ လေ့လာမှတ်သားစေလိုကြောင်း၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့်များအကျယ်တဝင့် ဟောပြောခဲ့သည်။

‎‎ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးရှီးမွန်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ကြားနေချိန် ပြင်ပဗဟုသုတများ ရှာဖွေသလို အားကစားမှာလည်း ထူးချွန်တဲ့သူ‌တွေဖြစ်အောင် အားကစားကို လိုက်စားစေလိုကြောင်း၊ နိုင်ငံတော်မှ အားကစားကို အလေးထားသင်ကြားပေးပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာလေးတွေ မွေးထုတ်ပေးနေကြောင်း၊ အားကစားလုပ်ခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ကြောင်း စသည်များဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

‎‎ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း