ကလော စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ ဆရာ/မများ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တတိယဆုအတွက် အ.ထ.က(၁)အသင်းနှင့် အ.ထ.က(၂)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အ.ထ.က(၂)အသင်းက အ.ထ.က(၁)အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် တတိယဆုကိုရရှိခဲ့ပြီး ဗိုလ်လုပွဲအဖြစ် အောင်ပန်းကိုယ်ပိုင်ကျောင်း(ခ)အသင်းနှင့် ဟဲဟိုးမြို့၊ အင်းခေါင်း အ.ထ.က(၇) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အပြီးတွင် တစ်ဖက် ၁ ဂိုးစီ သွင်းထားသောကြောင့် ပိုင်နဒီအဆုံးအဖြတ်ဖြင့် တစ်ဖက်ကို ၅ ဂိုးစီ ကန်သွင်းခဲ့ပြီး ဟဲဟိုးမြို့၊ အ.ထ.က(၇)(အင်းခေါင်း)အသင်းက ၄ ဂိုး၊ အောင်ပန်းမြို့ကိုယ်ပိုင်ကျောင်း(ခ)အသင်းက ၃ ဂိုးဖြင့် အင်းခေါင်း အ.ထ.က(၇)(အင်းခေါင်း)အသင်းက ပထမဆုရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင် ဒေါက်တာ နန္ဒာလှမြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပထမဆု (၅)သိန်းကျပ်နှင့် ဒိုင်းဆု၊ ဒုတိယဆု(၃)သိန်းကျပ်နှင့် တစ်ဦးချင်းလည်ဆွဲဆု၊ တတိယဆု(၂)သိန်းကျပ်နှင့် တစ်ဦးချင်းလည်ဆွဲဆုရရှိသည့်အသင်းများနှင့် ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံးကစားသမားဆု၊ အရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်းနှင့် အကောင်းဆုံးဂိုးသမားဆုတို့ကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးပြိုင်ပွဲကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၂ ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)