ကျိုင်းလပ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီက စာရေးဆရာမခင်စောတင့်၏ “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်” စာအုပ်ဖြင့် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ပြည်သူများအနေဖြင့်အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လစဉ်(Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်လျက်ရှိကြောင်းနှင့် စာပေချစ်မြတ်နိုးသူတိုင်း မည်သူမဆိုလာရောက် ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာပေချစ်မြတ်နိုးသူများအသင်းမှ (Book Club)အဖွဲ့ဝင် ဒေါ်အိငြိမ်းစုက စာရေးဆရာမခင်စောတင့်ရေးသားသည့် “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်” စာအုပ်တွင်ပါဝင်သော လူသားတိုင်းစိတ်ဓာတ်ခိုင်မာပြီး ဆုံးဖြတ်ချက်ပြတ်သားနိုင်ရန်အတွက် ကျင့်သုံးရမည့်နည်းလမ်းများ၊ တစ်ချို့သော ဆုံးဖြတ်ချက်များသည် မှားဖို့သေချာသော်လည်း မှန်ကန်သောဆုံးဖြတ်ချက်များလည်း အများအပြားရှိကြောင်းနှင့် လူအများနှင့်ဆက်ဆံရေးကောင်းမွန်စေသော နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြီး၊ (Book Club)အဖွဲ့ဝင် ဒေါ်နုနုလွင်က “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်”စာအုပ်တွင်ပါဝင်သော လူတော်တော်များ၌ ထွက်ပေါက်မရှိဘဲ ချောင်ပိတ်မိတက်သောအဖြစ်မျိုး ကြုံဖူးကြကြောင်း ထိုကဲ့သို့ ကြုံလာလျှင်လည်း ထွက်ပေါက်ကို မည်သို့ရှာဖွေရမည်ကို တွေးတောကြကြောင်းနှင့် ကျွန်ုပ်တို့အနေဖြင့် မိမိကိုယ့်ကို ကြင်နာစေလိုကြောင်း၊ မိမိကိုယ့်ကို ဘယ်လိုကြင်နာနိုင်ပါသလဲ၊ မေးခွန်းလွယ်သော်လည်း အဖြေမလွယ်ကူကြောင်းကို သာဓကများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)