နေပြည်တော် စက်တင်ဘာ ၂၃
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာဆွေဇင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်၊ ခုတင်၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး အခမဲ့မျက်စိခွဲစိတ်ကုသမှုခံယူမည့် လူနာများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်နိုင်ဝင်းက ဆေးရုံမှ ကဏ္ဍအလိုက် ဆေးကုသပေးနေမှုအခြေအနေများနှင့် မျက်စိကုသမှုအခြေနေများအား ရှင်းလင်းတင်ပြပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာဆွေဇင်ဝင်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က သဲဖြူဆရာတော်ကြီးနှင့် အလှူရှင်များ၏ စေတနာဖြင့် အခမဲ့မျက်စိခွဲစိတ်ကုသမှုခံယူမည့် လူနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး ဆေးရုံသန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန်နှင့် လူနာများ/ပြည်သူများအားကိုးရသည့် ဆေးရုံဖြစ်စေရေးအတွက် လိုအပ်သည်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆေးရုံအုပ်ကြီးတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဇေယျာသီရိမြို့နယ်၊ ခုတင်−၅၀ဆံ့ ပြည်သူ့ဆေးရုံတွင် အခမဲ့မျက်စိခွဲစိတ်ကုသမှုခံယူမည့် လူနာများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ဆေးရုံမှတာဝန်ရှိသူများက ဆေးကုသနေမှုအခြေအနေများနှင့် မျက်စိကုသမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင်က ဆေးရုံကြီးသန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ/လူနာများ အားကိုးအားထားရပြီး စိတ်ချမ်းမြေ့စွာ ဆေးကုသခံယူနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါ ယာယီဖွင့်လှစ်ထားသော မျက်စိအထူးကုဆေးရုံကြီး၌ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ ဆရာတော်ကြီးနှင့် အလှူရှင်များ၏ ကုသိုလ်ဖြင့်မျက်စိဝေဒနာရှင် ၂၇၀၀ ဦးကို စမ်းသပ်ကုသပေးခဲ့ပြီး ၅၀၀ ဦး ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း၊ ပျဉ်းမနားမြို့နယ်၊ ခုတင်-၂၀၀ ဆေးရုံတွင် ၁၀၀ ဦး ခွဲစိတ်ပေးမည်ဖြစ်ကြောင်းနှင့် ဇေယျာသီရိမြို့နယ်၊ ခုတင်−၅၀ ဆေးရုံတွင် ၁၀၀ ဦး ခွဲစိတ်ကုသကုသိုလ်ပြုမည်ဖြစ်၍ မျက်စိဝေဒနာရှင် ၇၀၀ ဦးအား စက္ခုအလင်းကုသိုလ်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်သူရဦး(ဒက္ခိဏ)