နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲတက်ရောက်၊ ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပ‌ရေးနှင့် စိမ်းလန်းစိုပြည်စေရေး ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ‌ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်‌ကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁း၃) ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသည့် ဓာတ်မြေဩဇာများအား အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ရောက်ရှိရေး၊  သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ ‌မျိုး၊ မြေ၊ ရေ၊ နည်း၊ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ တစ်နှစ်သုံးသီးရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ လယ်ယာမြေများတွင် ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံ‌သော ထုတ်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့ကိုမှာကြားပြီး တက်ရောက်လာသည့် တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ဓာတ်မြေဩဇာသွင်းအားစုများကို တောင်သူများထံပေးအပ်ကာ တောင်သူများနှင့်အတူ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ သစ်တက်ကျေးရွာ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး လမ်းဘေးရေမြောင်းများ ရေစီးဆင်းမှုအခြေအနေများ၊ ကျောက်ရောမြေသားလမ်း ခင်းကျင်းဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှု၊ အမှိုက်သရိုက်ကင်း‌စင်‌ရေးနှင့် သန့်ရှင်းသာယာလှ‌ပ‌မှုရှိ‌‌စေရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ရေစီးမြောင်းများ စနစ်တကျတူးဖော်ရှင်းလင်းထားရှိရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ ရေဝပ်သည့်နေရာများတွင် သဲမြေများဖို့ထားရေးနှင့် လမ်းပခုံးသားပေါ်တွင် မြေသားများတင်ကျန်မှုမရှိစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိရေးတို့ကို မှာကြားခဲ့‌သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ လေဆိပ်လမ်းနှင့် ရာဇသင်္ဂဟလမ်းမကြီးသို့သွားရောက်ပြီး လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပ‌ရေးနှင့် စိမ်းလန်းစိုပြည်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊  သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရာသီအလိုက်ဖူးပွင့်သော ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးပြီးသစ်ပင်များ  ရှင်သန်ဖြစ်ထွန်းစေရေး၊ လမ်းလယ်ကျွန်းများတွင် မြေယာရှုခင်းပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးနိုင်ရေးတို့ကို အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇသင်္ဂဟလမ်းမကြီးနှင့် သံလွင်လမ်းမကြီးသို့သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ရေရှည်ခိုင်ခံ့အောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဥတ္တရသီရိမြိုနယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၊ သာသနာလင်္ကာရဗိမာန်တော်ကြီး၌ ကျင်းပသည့် နေပြည်တော် မြို့နယ်လုံးဆိုင်ရာ  သာသနာလင်္ကာရစာမေးပွဲကို  ရှင်သာမဏေများ ဖြေဆိုနေမှုကို သွားရောက်ကြည်ညိုခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဝရအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ  စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက နေပြည်တော် မြို့နယ်လုံးဆိုင်ရာ သာသနာလင်္ကာရစာမေးပွဲကို အကျော်တန်းမှ စာ‌ဖြေသံဃာတော် ၆၅ ပါး၊ အကြီးတန်းမှ စာဖြေသံဃာတော် ၁၉၈ ပါးနှင့် အငယ်တန်းမှ စာဖြေသံဃာတော် ၃၄၈ ပါး၊ စုစု‌ပေါင်း ၆၁၁ ပါးတို့မှ ရှင်ကျင့်ဝတ်ဘာသာရပ်ကို ဖြေဆိုနေမှုအား လှည့်လည်ကြည်ညိုခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)