ရန်ကုန် စက်တင်ဘာ ၂၃
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)အချိန်က ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော် က လူငယ်များ၏အဓိကစိန်ခေါ်မှု တစ်ခုမှာမူးယစ်ဆေးဝါးပြဿနာဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် မူးယစ်ဆေးဝါးဖြစ်သည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး ယင်းအပင်တစ်မျိုးမျိုးကထွက်ရှိသော( သို့မဟုတ်)ထုတ်လုပ်သော အရာဝတ္တုများ၊ ဆေးဝါးများကို မူးယစ်ဆေးဝါးဟုသတ်မှတ်ကြောင်း၊ မူးယစ်ဆေးဝါးဟာ လူတွေရဲ့ ဆင်ခြင်တုံတရားများ၊ ကာယအား၊ ဉာဏအား၊ လူ့စွမ်းအားအရင်းအမြစ်အားလုံးကို အန္တရာယ်ပေးနိုင်ကြောင်း၊လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများစွာ ပျက်စီးဆုံးရှုံးစေသည့် ပစ္စည်းတစ်မျိုးဖြစ်ပါကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(ပြန်/ဆက်)