ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ လေ့ကျင့်ရေးစခန်း ပထမအကြိမ်ဆန်းစစ်နေမှုများအား ကြည့်ရှုအားပေး

ရန်ကုန် စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့်) တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များ လေ့ကျင့်ရေးစခန်း ပထမအကြိမ် ဆန်းစစ်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် စွယ်တော်ဆောင်၊ ယဉ်ကျေးမှု ခန်းမ၌ အကပြိုင်ပွဲတွင် တစ်ဦးချင်းအကနှင့် ကဗျာလွတ်အကပြိုင်ပွဲ ပထမအကြိမ် ဆန်းစစ်နေမှု များအားလည်းကောင်း၊ သရဖီဆောင်၊ အနုပညာခန်းမ၌ အတီးပြိုင်ပွဲတွင် ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်နှင့် စောင်းပြိုင်ပွဲ ပထမအကြိမ် ဆန်းစစ်နေမှုများအားလည်းကောင်း၊ ကုမုဒြာဇာတ်ရုံ၌ အတီးပြိုင်ပွဲတွင် စန္ဒားယား၊ မယ်ဒလင်နှင့် တယောပြိုင်ပွဲ ပထမအကြိမ် ဆန်းစစ် နေမှုများအားလည်းကောင်း၊ ကုမုဒြာဆောင်၊ M-107 ၌ အဆိုပြိုင်ပွဲ ပထမအကြိမ် ဆန်းစစ်နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ကုမုဒြာဆောင်တွင် ပြိုင်ပွဲဝင်များအတွက် ကျန်းမာရေးဆပ်ကော်မတီ ယာယီဆေးခန်း ဖွင့်လှစ်ထားရှိမှုအခြေအနေအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)