ပြင်ဦးလွင်မြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန် မုန့်အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့် 

ပြင်ဦးလွင်  စက်တင်ဘာ      ၂၂    

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန မှ တန်ဖိုးမြှင့် စားသောက်ကုန် (မုန့်)အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်  နံနက်ပိုင်းက   ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင်    ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က   ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအကြောင်း၊ သင်တန်းတွင်သင်ကြားပေးမည့် ဘာသာရပ်များအကြောင်း၊ သင်တန်းသား/သင်တန်းသူ များအနေဖြင့်လည်း သင်တန်းကို အကျိုးရှိရှိပြန်လည်အသုံးချနိုင်စေရန် အချိန်ပြည့် တက်ရောက်ကြရန် လိုအပ်ပါကြောင်းနှင့် သင်တန်းတက်ရောက်ပြီးပါက လုပ်ငန်းပြန်လည်ထူထောင်လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း  ပြောကြားသည်။ 

အဆိုပါ   တန်ဖိုးမြှင့် စားသောက်ကုန် (မုန့်)အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်းတွင် သင်တန်းနည်းပြဆရာများမှ   စက်တင်ဘာ ၂၂ ရက် မှ ၂၆ ရက်အထိ သင်တန်းသား  ၂၀  ကို  စနစ်တကျသင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်၊ ပြန်/ဆက်