ရန်ကုန် စက်တင်ဘာ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးအနေဖြင့် မူးယစ်ဆေးစွဲကုသပြီး ပြန်လည်ထူထောင်မှုခံယူလျက်ရှိသည့် သင်တန်းသား(၂၀)ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား(၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုးပြုလုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ်နည်းနှင့် ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းတို့ကို သင်တန်းသား(၂၀)ဦးတို့အား (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ဆက်)