သထုံ စက်တင်ဘာ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အားကစားထူးချွန် ကျောင်းသားကျောင်းသူတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပညာပန်းခင်းသီချင်းဖြင့် ဖွင့်လှစ်ဖျော်ဖြေကြပြီး နောင်ကုလားကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် နောင်ကုလားအလယ်ရွာ မူလတန်းလွန်ကျောင်း မိဘဆရာအသင်း အတွင်းရေးမှူး ဦးအေးချိုထွန်းတို့က အမှာစကားပြောကြားသည်။
ယင်းနောက် အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးဘညွန့်က ဝမ်းမြောက်ဂုဏ်ပြုစကားများပြောကြားပြီး နောင်ကုလားအလယ်ရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာလှိုင်က ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းကာ ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူတို့က နောင်ကုလားအလယ်ရွာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG မှ Grade-8 အထိ ပညာရည်ထူးချွန် ကျောင်းသားကျောင်းသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားအားကစားပွဲ၌ အောင်ပွဲရဘောလုံးအားကစားကျောင်းသားများ၊ အားကစားထူးချွန် ကျောင်းသားကျောင်းသူတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ ပညာရည်ချွန်ဆုချီးမြှင့်ပွဲသို့ ပညာရေးဌာနမှတာဝန်ရှိသူများ ဆရာ/ဆရာမများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)