ပြင်ဦးလွင် စက်တင်ဘာ ၂၂
လူငယ်ကဏ္ဍကို မြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၂ ရက်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးယုလီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင် မြန်မာစာပေယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် မြန်မာစာပေယဥ်ကျေးမှုအသင်းဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက မြန်မာစာပေယဥ်ကျေးမှုအသင်းအကြောင်း မိတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ဟောပြောဆွေးနွေးချက်များကို ကျောင်းသား/ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်ပြီး မေးမြန်းချက်များ ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပြင်ဦးလွင် မြို့နယ်ဥက္ကဋ္ဌ ဦးဇော်မြင့်က စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်၊ စာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)