မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၃/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၂၂

မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၃/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က  နိုင်ငံတော်ရဲ့ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံး မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း  မဲပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်မှ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီး ကြပ်မှုကော်မတီများမှ ပေးပို့တင်ပြခဲ့သည့် ၂၈-၁၂-၂၀၂၅ ရက်နေ့မှ အသက်(၁၈)နှစ်နှင့် အထက်ရှိသူများ၏ အတည်ပြုလူဦးရေစာရင်းကို မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လ၀က စသည့် ဌာနများအနေဖြင့် မြေပြင်မှာ သေဆုံးသွားတဲ့သူ၊ အကြောင်းအမျိုးမျိုးကြောင့် မိမိမြို့နယ်ထဲကို ပြောင်းဝင်လာသူ၊ မိမိမြို့နယ်မှ ပြောင်းထွက်သွားသူ စာရင်းများကို အချိန်နဲ့တစ်ပြေးညီ တိုက်ဆိုင်စိစစ်ပြီး လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းနဲ့ကိုက်ညီစေရေး စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်းက မဲစာရင်းမှန်ကန်စေရေးနှင့် မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား  ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)