‎ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ နန်းကုန်းနီးကျေးရွာတွင် ကျင်းပသည့် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်းအခမ်းအနားသို့ တက်ရောက်

ပင်းတယ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ နန်းကုန်းနီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပင်းတယမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဟန့်တားဖျက်ဆီးခြင်းနှင့် ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသည့် နန်းကုန်းကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာသည် ထွက်နီကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ ကျေးရွာသူ/ ကျေးရွာသားများက  မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နန်းကုန်းကျေးရွာအတွင်း ဘောလုံးအားကစားကွင်း တည်ဆောက်မည့်မြေနေရာနှင့် နန်းကုန်းနီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) သို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)