တာချီလိတ် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးများသည်းထန်စွာရွာသွန်ခြင်းနှင့် တောင်ကျရေများစီးဆင်းကာ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းကြောင့် ယနေ့နံနက်ပိုင်းစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည်။
တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်သည် ၃၉၀ စင်တီမီတာဖြစ်ပြီး ပုန်းထွန်ဇလဗေဒတိုင်းတာရေးစခန်းမှ ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေမှတ် (၄၄၄)စင်တီမီတာသို့ ရောက်ရှိကာ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)၊ (ခ) ရပ်ကွက်များရှိ လမ်းနှင့် နေအိမ်များအတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၅၄ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)