ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် ကျောက်ဆည်ခရိုင် MEVM ဆိုင်ရာ ကြီးကြပ်အဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ

ကျောက်ဆည် စက်တင်ဘာ ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ (၂) နာရီက ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်၊ ခရိုင်လမ်းဦးစီးရိပ်သာ၌ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျောက်ဆည်၊စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်မှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲဥက္ကဌနှင့် အတွင်းရေးမှူး၊ မြို့နယ် MEVM ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌများမှ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းအခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်နည်းပညာအထောက်အကူပြုအဖွဲ့ကိုယ်စား ဒေါက်တာသိန်းမင်းဇော်က MEVM နည်းပညာအထောက်အကူပြုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသူများမှ အထွေထွေဆေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)