မိုင်းဖြတ် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ဆက်သွယ်ရေးလိမ်လည်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဝမ်နောင်ကျေးရွာ၊ ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိရှိနိုင်ရေး၊ မိုးလေဝသသတင်းများကို လေ့လာကြည့်ရှုနိုင်ရေး၊ သဘာဝဘေးဖြစ်ပွားမှုအပေါ် အချိန်မီဆက်သွယ်ဆောင်ရွက်ပြီး ပျက်စီးဆုံးရှုံးမှုများ တင်ပြနိုင်ရေးနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းမြတ်ရည်ဝင်းက သဘာဝဘေးဖြစ်ပွားမှုအပေါ် မိသားစုများ လက်တလောသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးသည့်အခြေအနေများ၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်ချိန်၊ ဖြစ်ပေါ်နေစဉ်၊ ဖြစ်ပေါ်ပြီးနောက် လိုက်နာရမည့်အချက်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက အသက်ကယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အထူးသတိပြုနိုင်ရေးတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်တို့က ယနေ့ခေတ်တွင်ဆိုရှယ်မီဒီယာများမှတဆင့် ဆက်သွယ်ရေးလိမ်လည်မှုပြဿနာများနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရှမ်းဘာသာဖြင့် ထုတ်ဝေထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)