လားရှိုး စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လင်းလပြည့်ဝန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ အခြေခံတရုတ်စာ (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၇)နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အခြေခံတရုတ်စာ(၁/၂၀၂၅) သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အမှာစကားပြောကြားပြီး လင်းလပြည့်ဝန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဗိုလ်က အဆင့်အလိုက်သင်ကြားပေးမည့် အခြေခံတရုတ်စာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးစိုင်းထွန်းနေလှိုင်က တက်ရောက်လာသည့် သင်တန်းသားသင်တန်းသူများအား ယခုဖွင့်လှစ်ပေးသည့် အခြေခံတရုတ်စာသင်တန်းအပြင် နောက်ထပ်မံ၍လည်း အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် လွယ်ကူလေ့လာ AI နည်းပညာသင်တန်းတို့အား အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ စိတ်ပါဝင်စားသည့်သူများရှိပါက သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံတရုတ်စာ (၁/၂၀၂၅) သင်တန်းအား လင်းလပြည့်ဝန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဗိုလ်နှင့် ဆရာမ ဒေါ်နန်းသန္တာထွန်းတို့က စာတွေ့လက်တွေ့ပို့ချ သင်ကြားပေးမည်ဖြစ်ရာ ကျောင်သား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ပြီး သင်တန်းမှာ(၁)လတာကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)