နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှု

ပုဗ္ဗသီရိ စက်တင်ဘာ ၂၂

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲကျေးရွာအနီးတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်က သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အရိပ်ရသစ်ပင်များဖြစ်သည့် ဆီသပြေ၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ၊ ပျဉ်းမ စသည့် အပင်ပေါင်းတစ်ထောင်ကျော် စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား တစ်အိမ်ထောင်လျှင် သစ်ပင်(၂၀)ပင် စိုက်ပျိုးရမည်ဖြစ်ပြီး စိုက်ပျိုးရန်နေရာလုံလောက်မှုမရှိပါက အခြားနေရာများတွင် စိုက်ပျိုးရန်၊ စိုက်ပျိုးမည့်အပင်များအား သတ်မှတ်အရွယ်အစားအတိုင်း စိုက်ပျိုးရန်၊ စိုက်ပျိုးထားသည့် အပင်များအား ရှင်သန်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်၊ ကျေးရွာများအတွင်း သစ်ပင်များစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် တို့ကိုမှာကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များမျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများ သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်ကာ သစ်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ယခုနှစ်တွင် သစ်ပင်ပေါင်းသုံးသောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)